ခေါင်းမူးတာ နားထဲက အရည်တွေကြောင့်လား
ငယ်ငယ်က ရဟတ်တို့ ချားတို့ စီးပြီးနောက် ခေါင်းမူးတဲ့အခါ လူကြီးတွေက နားထဲက အရည်တွေ လှုပ်လို့ဖြစ်တာလို့ ပြောတာ ကြားဖူးမှာပါ။ တကယ်ပဲ နားထဲက အရည်တွေဟာ ခေါင်းမူးတာနဲ့ ဆက်စပ်နေသလား?
ခေါင်းမူးစေနိုင်တဲ့ အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ပင်ပန်းတာ၊ သံဓာတ် အားနည်းတာ၊ အာဟာရဓာတ်တွေ မလုံလောက်တာ၊ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာရတာနဲ့ သွေးတိုးတာ စတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ခေါင်းမူးတဲ့ လက္ခဏာကို ခံစားရနိုင်သလို နားထဲက အရည်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နားထဲက အရည်တွေကြောင့် ခေါင်းမူးတာကို ဘယ်လို ခွဲခြားသိနိုင်မလဲ?
နားထဲက အရည်တွေကြောင့် ခေါင်းမူးတဲ့အခါ
- ချာချာလည်အောင် မူးတာ
- ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တာ
- မြင်ရတာတွေက တစောင်း ဖြစ်နေတတ်တာ
- နားအူတာ
- နားလေးတာ တွေ ဖြစ်နေတာ
ဒါဆိုရင်တော့ နားထဲက အရည်တွေကြောင့် ခေါင်းမူးတာမျိုး ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် နားထဲမှာ အရည်တွေ ရှိနေသလို ဒီအရည်တွေဟာ အက်ဆစ် ဂုဏ်သတ္တိ ရှိနေပြီး ပိုးမွှားတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ နားထဲမှာ အရည်တွေ ရှိမနေဘူး ဆိုရင် ခြောက်သွေ့ပြီး ရောဂါပိုး ဝင်လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအရည်တွေ ပုံမှန်ထက် ပိုရှိနေတဲ့ အခါမှာ နားအူတာ၊ နားလေးတာ၊ ခန္ဓာကိုယ် ဟန်ချက် မညီတာတွေ ဖြစ်တတ်ပြီး ချာချာလည်အောင် မူးတတ်ပါတယ်။
နားထဲမှာ အရည်တွေ ပုံမှန်ထက် များလာရခြင်းက
- အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်တာ
- စိတ်ဖိစီးမှုတွေ များတာ
- ညဘက် အိပ်ရေး ပျက်တာ
- ရေကူးတဲ့အခါ အခန့်မသင့်လို့ အရည်တွေ ဝင်သွားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နားထဲမှာ အရည်တွေ စုပုံလာရင် Meniere’s Disease လို့ ခေါ်တဲ့ နားပြဿနာတွေ ဖြစ်န်ိုင်ပြီး ချာချာလည်အောင် မူးနေတဲ့အချိန်မှာ မတော်တဆ ထိခိုက်ဒဏ်ရာရတာ၊ ချော်လဲတာတွေ ဖြစ်နိုင်တာကြောင့် ခေါင်းမူးဝေဒနာ မကြာခဏ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့်ကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)